(၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ​

နေပြည်တော်၊ အောက်တိုဘာ ၂၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ Polytechnic University၊ နည်းပညာတက္ကသိုလ် ၊ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Polytechnic University၊ ဘောလုံးကွင်း၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးထွန်းထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ အားကစားနည်းပြများ၊ ဒိုင်လူကြီးများ၊ ကျောင်းသား၊ ကျောင်းသူ အားကစား သမားများတက် ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲသည် ကျောင်းသား၊ ကျောင်းသူများ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကိုယ်ကာယ ဖွံ့ဖြိုးမှုတို့ ဟန်ချက်ညီစေရေး၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းကမ်းရှိမှု၊ ဇွဲလုံ့လနှင့် အသင်းအဖွဲ့ စိတ်ဓာတ်များ တိုးတက်လာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် အားကစားသမားများအနေဖြင့် ရိုးသားမျှတမှု၊ စည်းကမ်းရှိမှုနှင့် အားကစားသမား စိတ်ဓာတ်တို့ကို အခြေခံ၍ ယှဉ်ပြိုင်ကြရန်နှင့် အားကစားထူးချွန်သူများ ပေါ်ထွက်လာစေရန် မျှော်လင့်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားမောင်မယ် ကျောင်းသား၊ ကျောင်းသူများက အားကစားသစ္စာ အဓိဋ္ဌာန်ကို ရွတ်ဆိုကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်ကြီးများက (၂၀၂၅-၂၀၂၆) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက္ကသိုလ်ပေါင်းစုံ အားကစား ပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဖြစ်သည့် ရှမ်းဇုန်နှင့် ရန်ကုန်ဇုန်တို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးသည်။ ရှမ်းဇုန်နှင့် ရန်ကုန်ဇုန်တို့ယှဉ်ပြိုင်ကစားကြရာ ရှမ်းဇုန်အသင်းက ရန်ကုန်ဇုန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ယခု အားကစားပြိုင်ပွဲများတွင် တက္ကသိုလ်များကို ဒေသအလိုက် စစ်ကိုင်းဇုန်၊ နေပြည်တော်ဇုန်၊ မကွေးဇုန်၊ မန္တလေးဇုန်၊ မွန်ဇုန်၊ ရန်ကုန်ဇုန်၊ ရှမ်းဇုန်နှင့် ဧရာဝတီဇုန်ဟူ၍ ဇုန် (၈) ခု ခွဲကာ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ ဘောလီဘော၊ ဘောလုံးဟူ၍ အားကစားနည်း ၆ မျိုးဖြင့် အားကစားသမား ၃၉၂ ဦး ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး အားကစားနည်းအလိုက် Naypyitaw State Polytechnic University၊ ရွှေကြာပင်အားကစားကွင်း နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) တို့တွင် နေ့စဉ်ကျင်းပသွားမည်ဖြစ်ကာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)

Leave a Reply

Your email address will not be published. Required fields are marked *